မကွေး ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်၊ ခြင်အန္တရာယ်နှင့် သန့်လေးသန့်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းဟေဝန်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က အမှာစကားပြောကြားရာတွင် လူတိုင်းရောဂါဘယကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် မိမိကျန်းမာရေးသည် မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တာဝန်ရှိသူများ၏ ပညာပေးဟောပြောမှုများကို လေ့လာမှတ်သားပြီး မိမိ မိသားစုပတ်ဝန်းကျင်ကိုပါ အသိပညာများ ပြန်လည်မျှဝေပေးသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမှတ်(၂)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်လင်းက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနဒ္ဒဝင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ ခြင်အန္တရာယ်နှင့် သန့်လေးသန့်အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအတွက် တံမြက်စည်း၊ အမှိုက်ပုံးနှင့် ဂေါ်ပြားများကို မကွေးတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လက်ဆေးနည်း လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)