ပွင့်ဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအုတ်ရိုက်နည်းသင်တန်းဆင်းပွဲကျင်းပ

ပွင့်ဖြူ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေ တိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအုတ်ရိုက်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီက ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မင်းဘူးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းအား ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်၍ လက်တွေ့လုပ်ငန်းခွင် ဖော်ဆောင်ပြီး အကျိုးရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန် သင်တန်းမှ ပို့ချသင်ကြားပေးသည့် သက်မွေးပညာရပ်များကို အကျိုးရှိရှိ အသုံးချပြီး လုပ်ကိုင်သွားကြရန်နှင့် မိမိတို့ရပ်ရွာရှိ သက်မွေးပညာ စိတ်ဝင်စားသော ဒေသခံ ပြည်သူများကို လက်ဆင့်ကမ်းမျှဝေ သင်ကြားပေးကြရန် ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအုတ်ရိုက်နည်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်သင်ကြားခဲ့ပြီး ဇူလိုင်လ (၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ သင်တန်းကာလ (၁၅) ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )