ချောက်မြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ဆန်များ ထောက်ပံ့ပေး

ချောက် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် ဆန်သုံးပြည်နှုန်းဖြင့် ယနေ့နံနက် ၁၀ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် မြစ်ကမ်းနံဘေးနှင့် မြေနှိမ့်ပိုင်းများရှိ လူနေအိမ်များနှင့် လမ်းများအတွင်း ရေကြီးနှစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခကြုံတွေ့နေရသော ပြည်သူများ၏ လတ်တလော စားဝတ်နေရေးအဆင်ပြေမှုရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် ဆန်သုံးပြည်နှုန်းဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးဝင်းအတွင်း ယာယီပြောင်းရွှေ့ရောက်ရှိနေသော ရေဘေးသင့်အိမ်ထောင်စု(၁၁)စုကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ဇူလိုင်လ(၁၅)ရက် နံနက်ပိုင်းကလည်း အမှတ်(၇)ရပ်ကွက်ရှိ ကုန်တင်ကုန်ချ အလုပ်သမားရုံးမှ ကုန်ထမ်းလုပ်သားများနှင့် ​မြို့နယ်အားကစားကွင်း၊ မိုးလုံလေလုံခန်းမရှိ ရေဘေး​ရှောင်​ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်နှစ်ပြည်နှုန်းဖြင့် ၂၄ ပြည်ပါ ဆန်အိတ်(၉)အိတ် (၂၁၆)ပြည်ကိုလည်း  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦး​စောမြဖောင်းတို့က ရေဝင်နစ်မြုပ်လျက်ရှိသော အိမ်ထောင်စုများသို့ လှေဖြင့်သွားရောက်ကာ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များမှ ရေဘေးအန္တရာယ်ကျရောက်နေစဉ်နှင့် ကျရောက်ပြီးပါက ဆောင်ရန်ရှောင်ရန်များပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)