ပွင့်ဖြူ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း (၁)ကျောင်းတွင် မြစ်ရေဝင်ရောက်ခဲ့သဖြင့် ထပ်မံ၍ ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့်ကျောင်းမှာ ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန် သင်ခန်းစာနောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်လှစ်ချိန်တွင် စာသင်ရက်များ အစားထိုး၍ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများအနေဖြင့် ဇူလိုင်(၁၀)ရက်နေ့မှ ယနေ့အထိ စုစုပေါင်း အခြေခံပညာကျောင်း (၂၇)ကျောင်းရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံမှ သိရသည်။
လှိုင်ဝင်းလေး