ပြည် ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီးအတွင်း အခွန်ဘဏ္ဍာငွေ ပိုမိုတိုးတက်ရရှိရေးပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နိပ်ဆောင်ရွက်စေရေး၊ အခွန်ကြွေးကျန်များ၊ အခွန်တိမ်းရှောင်မှုနှင့် အခွန်လွတ်ကင်းမှုမရှိစေရေး အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တိုင်းဒေသကြီးအတွင်း စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်/တည်းခိုခန်းလုပ်ငန်း၊ ရွှေထည် လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်း၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် လုပ်ငန်းစုစုပေါင်းလုပ်ငန်းရှင် ၃၈၂၃ ဦးရှိကြောင်း၊ စားသောက်ဆိုင်များတွင်လည်း ပြေစာ တောင်းယူနိုင်ရန်အတွက် စားသုံးသူမိဘပြည်သူများသို့ အသိပေးနိုးဆော်စာ ကြော်ငြာစာဗီနိုင်းများ ကပ်ထားပြီဖြစ်ကြောင်း၊ ပြေစာရရှိသော်လည်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားမှုမရှိခြင်း၊ ကျသင့်အခွန်နှင့်ညီမျှသော အခွန်အမှတ်တံဆိပ်ကပ်နိပ်ထားမှု မရှိခြင်းများတွေ့ရှိပါက အထောက်အထားနှင့်အတူ နီးစပ်ရာအခွန်ရုံးသို့ တိုင်ကြားနိုင်ကြောင်း၊ နိုင်ငံတော်စီးပွားရေးဖွံဖြိုးတိုးတက်မှုကို ပုံဖော်ပြောင်းလဲနိုင်ရန်အတွက် အခွန်ထမ်းများက တာဝန်သိသိ အခွန်ကိုလိုလားစွာပေးဆောင်ကြစို့ အခွန်ထမ်းပြည်သူများက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြပါရန်နှင့် အခွန်ထမ်းပြည်သူများ၏ အခွန်အခများဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်တွင်းအခွန်များဦးစီးဌာန ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦလှဌေးဦးက အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသော အခွန်ထမ်းပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)