ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ရေဘေးသင့်ပြည်သူများအား လာရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ပြည် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့ရွှေပလ္လင်မှော်စေတီတော်ဓမ္မာရုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့်ပြည်သူများအား လာရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူ (၇၅၃) ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဆား၊ အဟာရမုန့်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရက်သတ္တ (၂) ပတ်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၁၆၂၆၀ဝိ/-) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဧရာဝတီမြစ်ရေမြင့်တက်မှု အခြေအနေအား ကြည့်ရှုခဲ့သည်။ ယင်းနောက် ပြည်မြို့ကမ်းနားလမ်း လမ်းတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁၅ ရက်နေ့တွင် ပြည်မြို့၏ စိုးရိမ်ရေအမှတ် ၂၉၀၀ စင်တီမီတာ (၉၅) ပေသို့ ရောက်ရှိကျော်လွန်ခဲ့ပြီး ယနေ့ဇူလိုင် ၁၆ ရက်နေ့နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ်အထက် ၁ ပေ နှင့် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်ထွာထုတ်ပြန်ချက်အရသိရပြီး မြစ်ရေမြင့်တက်ခဲ့မှုကြောင့် နဝင်းရပ်ကွက် ရွှေပလ္လင်‌မှော်‌အောက်ချိုင့်နှင့် ဖိုးခေါင်ရပ်ကွက်၊ ပြည်သာယာရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများအတွင်း ရေဝင်ရောက်မှုရှိခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရွှေပလ္လင်မှော်ရေဘေးကယ်ဆယ်ရေးစခန်း၌ ယာယီရွှေ့ပြောင်းထားရှိရေး၊ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ အရပ်ဘက်ပရဟိတလူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများနှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)