ပွင့်ဖြူ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ (၈၃၁) ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံဧက (၉၁၄) ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မေလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ (၈၃၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးသီအနေနဲ့ ပွင့်ဖြူမြို့နယ်မှာ ဟင်းသီးဟင်းရွက်သီးနှံဧက (၉၁၄) ဧက စိုက်ပျိုးဖို့အတွက် လျာထားပြီး ဒေသခံတောင်သူတွေက လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ မေလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ (၈၃၁) ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ တောင်သူတွေ အဓိကစိုက်ပျိုးတဲ့ သီးနှံအမျိုးတွေကတော့ ခရမ်းချဉ်၊ မုံညှင်း၊ မုံလာဥဖြူ၊ ခရမ်းညို၊ ခရမ်းစိမ်း၊ ရွှေဖရုံ၊ ဘူး၊ သခွါး၊ ဂေါ်ဖီ၊ ပန်းမုံလာ၊ ရုံးပတီ၊ ကြက်ဟင်းခါး၊ ခဝဲသီး၊ တိုင်ထောင်ပဲသီး၊ ပဲရှည်သီးစတဲ့ သီးနှံများကို စိုက်ပျိုးကြပါတယ်။ ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး စားသုံးသူပြည်သူတွေ အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ (GAP) စနစ်နဲ့ စိုက်ပျိုးနိုင်အောင် တောင်သူတွေကို ကွင်းဆင်းပညာပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့တွေကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ တိုးပွားရေးအတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်းနှင့် စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ (GAP) စနစ်ကို အသုံးပြုပြီး စိုက်ပျိုးကြ၍ ဈေးကွက်၌ အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )