မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၁၃)ကျောင်း ယာယီပိတ်ထား

မြန်အောင် ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၁၃)ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် မြန်အောင်မြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၁)ကျောင်း ၊ အလယ် တန်းကျောင်း(ခွဲ)(၂)ကျောင်း၊ အလယ်တန်းကျောင်း (၃)ကျောင်း ၊ မူလတန်းလွန်ကျောင်း (၁)ကျောင်း၊ မူလတန်းကျောင်း(၆) ကျောင်း စုစုပေါင်း(၁၃)ကျောင်းတို့အား (၁၅-၇-၂၀၂၄) ရက်နေ့မှ(၂၁-၇-၂၀၂၄) ရက်နေ့အထိ ယာယီပိတ်ထားကြောင်း သိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် မြစ်ရေကျဆင်း၍ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စုချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောင်းအတွင်း/အပြင် သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိ​ရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)