မင်းဘူး ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသတွင်း အသေးစား ကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေး စီမံကိန်းဖြင့် မင်းဘူးခရိုင်အတွင်း၌ လုပ်ငန်း (၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မကွေးတိုင်းဒေသကြီးအတွင်း၌ ကျေးလက်နေပြည်သူများအတွက် ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေး စီမံကိန်းဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလုပ်ငန်း (၁၆) ခုအနက်မှ မင်းဘူးခရိုင်က စီမံကိန်းလုပ်ငန်း (၄) ခုပါဝင်ကြောင်း၊ အဆိုပါ စီမံကိန်းများမှာ မင်းဘူး(စကု)မြို့နယ် တောင်မန်းစံပြကျေးရွာ၌ အခြေခံ Bakery & Snack သင်တန်း၊ ထိန်တောကျေးရွာနှင့် ကမ်းနီကျေးရွာတို့၌ အခြေခံစက်ချုပ်သင်တန်းနှင့် ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ အခြေခံ Bakery & Snack သင်တန်းများကို စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေဖြစ်ကြောင်း မင်းဘူးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက ပြောသည်။
ထိုသို့ဖော်ဆောင်ရာတွင် အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် အခြေခံ Bakery & Snack သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ တောင်မန်းစံပြကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဒေသခံပြည်သူများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ Bakery & Snack သင်တန်းကို ဇူလိုင်လ (၁၅) ရက်မှ (၂၁) ရက်နေ့အထိ တောင်းမန်းစံပြကျေးရွာနှင့် ရိုးကြီးကျေးရွာတို့မှ သင်တန်းသူ (၁၅) ဦးဖြင့် ရက်သတ္တတစ်ပတ်ကြာ စာတွေ့လက်တွေ့ ဘာသာရပ် သင်ခန်းစာများဖြင့် စနစ်တကျအခမဲ့ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများ တက်ရောက်ပြီးစီးပါက သင်တန်းတစ်ခုတွင် လုပ်ငန်းထူထောင်မည့်သူ (၅) ဦး အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး စီမံကိန်းတစ်ခုတွင် လုပ်ငန်းရှင် (၅) ဦးနှုန်းဖြင့် မင်းဘူးခရိုင်က လုပ်ငန်းရှင် (၂၀) ဦး ပေါ်ထွက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းအလိုက် ရွေးချယ်ထားသူများကို ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် တစ်ဦးလျှင် ငွေကျပ် (၁၄) သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို ရာသက်ပန် သုံးဆွဲခွင့်ပြု၍ အသေးစားလုပ်ငန်းရှင်များဖြစ်အောင် လုပ်ငန်းမှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)