သံတောင်ကြီး ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့် အားလျော်စွာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြပြီး နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်ဖြင့် နှစ်တိုသီးနှံဖြစ်သည့် နာနတ်သီးများကိုစိုက်ပျိုးလျက်သည်။ ယခုဇူလိုင်လဒုတိယပတ်မှစပြီး နာနတ်သီးများ ရင့်မှည့်ကာအထွက်နှုန်းကောင်းပြီး ခူးယူရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
နာနတ်သီးများသည် ဆေးဖက်ဝင်သောအပင်တစ်မျိုးဖြစ်ပြီး အဟာရဓာတ် အပြည့်အဝရရှိစေသော သီးနှံတစ်မျိုးဖြစ်ကာ ကြိုက်နှစ်သက်သူများပြားလျက်ရှိသည်။ နာနတ်သီးများကို စိုက်ပျိုးရာတွင် အရိပ်မဲ့သောနေရာများ၊ ရေမဝပ်သည့်နေရာများ၊ နေအပူချိန်ရရှိသောနေရာများတွင် ကောင်းစွာစိုက်ပျိုးနိုင်ပြီး မြက်ဆွေးများကို မြေဩဇာအဖြစ်အသုံးပြုလျှင် အသီးများပိုမိုလှကာအထွက်နှုန်း ကောင်းကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် နာနတ်သီးများကို သံတောင်ကြီးမြို့တွင်သာမက တောင်ငူမြို့ရှိ သီးနှံရောင်းဝယ်သူများထံ သွားရောက်ရောင်းချကြပြီး အသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးကို ကျပ် (၂၀၀၀)မှ ကျပ် (၃၀၀၀) ထိရရှိသည့်အတွက် နာနတ်သီးစိုက်ပျိုးလုပ်ကိုင်သော ဒေသခံ ပြည်သူများမှာ မိသားစုအဆင်ပြေကာ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
နော်နော်မူ