မြိတ် ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု ချမ်းအေးကျောင်းတိုက်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း၏ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ယမန်နေ့က မြိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို ဒေသတွင်း အလုပ်အကိုင်အခွင့်အလှမ်းများဖြစ်ထွန်း၍ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ အလုပ်အကိုင်အခွင့်အလှမ်းများ ပေါ်ပေါက်လာပြီး ပြည်သူများဝင်ငွေတိုးပွားစေရန်၊ မြို့ပြနှင့် ကျေးလက်ဒေသနေ ပြည်သူများ အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက စီမံကိန်းနှင့်စပ်လျဉ်းသည်များ၊ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်း ပြောကြားပြီး သင်တန်းသုံးသင်ထောက်ကူပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်က သင်တန်းတာဝန်ခံအား ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် သစ်သီးယိုအမျိုးမျိုးပြုလုပ်နည်း၊ သစ်သီးဖျော်ရည်အမျိုးမျိုးပြုလုပ်နည်း၊ သစ်သီးဝိုင်ပြုလုပ်နည်း၊ သစ်သီးဂျယ်လီပြုလုပ်နည်းနှင့် မုန့်ပဲသရေစာအမျိုးမျိုးပြုလုပ်နည်း စသည့်ဘာသာရပ်များကို ဇူလိုင်လ(၁၅)ရက်မှ(၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)