သရက်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၅) ကျောင်း ယာယီပိတ်ထား

သရက် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းမှ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံစာသင်ကျောင်း (၅) ကျောင်း ရေဝင်ရောက်ရှိ၍ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းစေရန်အတွက် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။  

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်း (၅) ကျောင်းမှာ ရေပေါ်ကျွန်း (အ.လ.က)၊ အ.မ.က(စမ်းအိုင့်)၊ ကြာကန်(အထက်တန်းကျောင်း)၊ အ.မ.က (လက်ပံဆိပ်)နှင့် ပြရေကျေးရွာ (အ.လ.က)တို့ဖြစ်ပြီး ယင်းစာသင်ကျောင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည့်အထိ ယာယီပိတ်ထားရမည် ဖြစ်ကြောင်းနှင့် ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)