မင်းဘူးမြို့တွင် မိန်းကလေး (၃) မွှာပူးမွေးသည့် မိခင်အား ထောက်ပံ့ကြေး ပေးအပ်

မင်းဘူး  ဇူလိုင်  ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ကလေး (၃) မွှာပူးမွေးသူ မိခင်အား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ကြေးပေးအပ်ပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့် တာဝန်ရှိသူများက မိခင် မသီတာထွန်းနှင့် ကလေးများအတွက် ငွေကျပ် (၅၀၀,၀၀၀) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၊ ဖလံရုံကျေးရွာတွင် နေထိုင်သူ မိခင်မသီတာထွန်းသည် မိန်းကလေး (၃) မွှာပူးအား မကွေးဆေးရုံးကြီးတွင် အောင်မြင်စွာ မွေးဖွားခဲ့သည်။ ထိုမွေးဖွားခဲ့သည့် ကလေးသူငယ်များ၏ မိခင်နှင့် ဖခင်မှာ အခြေခံလူတန်းစားများဖြစ်ကြပြီး  လယ်ယာလုပ်ငန်းလုပ်ကိုင်သူများဖြစ်သောကြောင့် ထပ်မံကလေးမယူလိုတော့ကြောင်း၊ ထို့ပြင် ၎င်းတို့ဆွေမျိုးသားချင်းများတွင်လည်း အမွှာမွေးသည့် မျိုးရိုးရှိပြီး ၎င်း၏ အဒေါ်ဖြစ်သူမှာလည်း (၂) မွှာပူး မွေးထားပါကြောင်း ကလေးသုံးမွှာပူးမွေးသည့် မသီတာထွန်းက ပြောပြ၍ သိရသည်။

ဇေယျာထက်(မင်းဘူး)