မင်းဘူး ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်ခြင်းကြောင့် စာဖတ်စွမ်းရည်များ တိုးပွားလာကာ စာပေ၏ ပညာကိုနားလည်၍ တန်ဖိုးထားလာတတ်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးများ တိုးလာခြင်းနှင့် လုံ့လ၊ ဝီရိယဖြင့် ကြိုးစားချင်စိတ်ဖြစ်ပေါ်လာစေရန် ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကျင်းပမည့် အစီအစဉ်များကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများမှ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရကြမှာဖြစ်သကဲ့သို့ ပန်းချီ၊ ပုံပြော၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများက ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူလေးများအား စာရင်းပေးကြရန် ပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့ သိရှိလိုသည့်အချက်များကို မေးမြန်းကြရာ ခရိုင်ပြန်/ဆက် ဦးစီးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က ပေါင်းစပ်ညှိနှိုင်းကာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မင်းဘူးမြို့ အမှတ် (၁) အခြေပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀၊ ၃၁ ရက်နေ့များတွင် ကျင်းပသွားမှာဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဇေယျာထက်(မင်းဘူး)