အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးစီမံကိန်းလုပ်ငန်းဖြင့် စက်ချုပ်နည်း (ပထမအကြိမ်)သင်တန်းဖွင့်လှစ်

ကသာ ဇူလိုင် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက် ကသာခရိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား ၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသည့် ဦးတည်ချက်ကို များစွာအထောက်အကူဖြစ်စေသည့် စက်ချုပ်နည်းပညာ (ပထမအကြိမ်)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကသာခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန၊ ယာယီသင်တန်းခန်းမ၌ ကျင်းပသည်။

သမဝါယမကဏ္ဍနှင့် အသေးစားစက်မှု/လက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့်ပြည် နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး  မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်သဖြင့် ဤစီမံကိန်းအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း   သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကသာမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းမှ အဖွင့်အမှာစကားပြောပြီး ကသာခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေမှ စီမံကိန်းပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ်နည်း (ပထမအကြိမ်)သင်တန်းအား ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၁၃ ရက်နေ့ထိ လည်းကောင်း၊ စက်ချုပ်နည်းပညာ (မွမ်းမံ)သင်တန်းအား သြဂုတ်လ ၂၁ ရက်မှ စက်တင်ဘာလ ၄ ရက်နေ့ထိလည်းကောင်း သင်တန်းသူ (၁၃)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူ (၅)ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၄)သိန်းဖိုးနှင့် ညီမျှသော လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနသည် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်မှစ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းအား စီမံကိန်းကျေးရွာ (၁၅၁) ရွာကို ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊  ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ (၂၂၁) ရွာအား တိုးချဲ့၍ ဇူလိုင်လ (၁၅) ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ စီမံကိန်းကျေးရွာများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)