သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှု

သရက် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျှောက် မြစ်ရေများဝင်ရောက်သဖြင့် ရေဝင်ရောက်နေသည့် ရေပေါ်ကျွန်းကျေးရွာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့ ညနေ ၆ နာရီက ကွင်းဆင်းကြည့်ရှုပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့သည်။                        

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရေဝင်နစ်မြုပ်နေသည့် ရေပေါ်ကျွန်းကျေးရွာအတွင်းမှ ပြည်သူများအား ရေဘေးရှောင်စခန်းများတွင် ပြောင်းရွှေ့နေထိုင်ရန် နှိုးဆော်ခြင်း၊ ပြောင်းရွှေ့ရန် ကျန်ရှိနေသေးသည့် အိမ်ထောင်စုဝင်များအတွက် ထမင်းဘူးနှင့် ရေသန့်ဘူး၊ Hand Gel ဘူးများကို ရေဘေးရှောင်ပြည်သူများလက်ဝယ်အရောက် လှည့်လည်ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။ 

သရက်မြို့နယ်တွင် ရေဝင်ရောက်သည့် အိမ်ခြေ (၈၃၉) လုံး၊ အိမ်ထောင်စု (၈၉၃)စုမှ လူဦးရေ (၃၄၄၅) ဦးတို့အား လိုအပ်သည့် ဆန်ရိက္ခာဖိုး‌ထောက်ပံ့ငွေများအပြင် ဆီ၊ ခေါက်ဆွဲခြောက်၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)