မြဝတီ ဇူလိုင် ၁၅
ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်၉နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပန်းချီ၊ ပန်းပုအစည်းအရုံးတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြဝတီခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက (၇၇)နှစ်ရှိပြီးဖြစ်သည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျဆုံးလေပြီးသော မျိုးချစ်အာဇာနည်ပုဂ္ဂိုလ်ကြီး ကိုးဦးတို့၏ အတ္ထုပတ္တိများနှင့် ယနေ့အချိန်ထိ မြန်မာတစ်မျိုးသားလုံးအတွက် မမေ့သင့်မမေ့ထိုက်သော နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်းကို ရှင်းလင်းဟောပြောပေးပြီး ပြိုင်ပွဲများ စတင်ခဲ့ရာ အကဲဖြတ်အမှတ်ပေးဒိုင်ဖြစ်သည့် မြို့နယ်ပန်းချီ၊ ပန်းပုအစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးက ပြိုင်ပွဲစည်းကမ်းများကို ဖတ်ကြားပေးသည်။
ဆက်လက်၍ အာဇာနည်နေ့အထိမ်းအမှတ်နှင့်သက်ဆိုင်သည့် အကြောင်းအရာဖြင့် မူလတန်းအဆင့် ကာတွန်းပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးကလည်းကောင်း၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၃ ဦးက လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။
ထို့နောက် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် အခြားဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များ၊ စာအုပ်/စာစောင်များ ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)