မကွေး ဇူလိုင် ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်း တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု (Bakery & Snack)အခြေခံနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးအတွက် နည်းပညာပံ့ပိုးပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်းများ၊ သုတေသနတီထွင်စမ်းသပ်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟူသော မျှော်မှန်းချက်နှင့်အညီ ဌာန၏လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသထွက်ကုန်ကြမ်းများအပေါ်မူတည်၍လည်းကောင်း၊ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်အရလည်းကောင်း၊ မြို့ပြနှင့် ကျေးလက်နေလူငယ်များထဲမှ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသော လူငယ်လူရွယ်များအား ရွေးချယ်၍လည်းကောင်း၊ အိုးမကွာ အိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ကိုင်ဆောင်ရွက်လိုသော အမျိုးသမီးများအား ရွေးချယ်၍လည်းကောင်း စီမံကိန်းများအားဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအနေဖြင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် စီမံကိန်း(၁၆)ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အမျိုးသမီးများဝင်ငွေတိုးရေးဆောင်ရွက်ခြင်းဖြင့် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာခြင်းတို့ကြောင့် မိသားစုဝင်ငွေတိုးပွားလာပြီး နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်မှာဖြစ်ပါကြောင်း၊ လုပ်ငန်းထူထောင်သူ (၅)ဦးအား လုပ်ငန်းအစပြုဆောက်ရွက်နိုင်ရန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ငွေကျပ် (၁၄)သိန်းနှင့်ညီမျှသည့် စက်ပစ္စည်းများကို သုံးစွဲခွင့်ပေးအပ်မည်ဖြစ်ပြီး လုပ်ငန်းထူထောင်သူတစ်ဦးလျှင် ကုန်ကြမ်းမတည်ထည့်ဝင်ငွေ ကျစ်နှစ်သိန်းအား ထည့်ဝင်သွားစေမည်ဖြစ်ကြောင်း၊ အမျိုးသမီးများဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်မည့်သင်တန်းတွင် ပါဝင်နေသည့် သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်ပြီး အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြနှင့် သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင်သင်ကြားပို့ချမည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး အဆိုပါ စားသောက်ကုန်ထုတ်လုပ်မှု (Bakery & Snack) အခြေခံနည်းပညာသင်တန်းတွင် သင်တန်းသူ (၁၅)ဦးအား သင်တန်းနည်းပြများက Cookie အမျိုးမျိုး၊ နံကထိုင်အမျိုးမျိုး၊ ဒိုးနပ်အမျိုးမျိုး၊ ကိတ်ခြောက်၊ ကိတ်မုန့်အမျိုးမျိုး၊ ပေါင်မုန့်အမျိုးမျိုး၊ ပဲချောင်း၊ ပဲခွေ၊ အီလည်လည်မုန့်၊ ခါကြာသေး ပြုလုပ်နည်း စသည်တို့ကို တစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)