အောင်လံမြို့၌ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့

အောင်လံ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဇူလိုင်(၁၃)ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သရက်တော၊ စက်ရုံ၊ စမ်းချောင်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့ရှိ ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် အောင်လံမြို့နယ် သရက်တောရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၈၂)စု၊ လူဦးရေ (၃၁၃)ဦး၊ စက်ရုံရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၄၁)စု၊ လူဦးရေ (၁၇၁)ဦး၊ စမ်းချောင်းရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၆၀)စု၊ လူဦးရေ (၂၁၈)ဦးအား ဆန်ရိက္ခာဖိုး (၇) ရက်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် စားသောက်ဖွယ်ရာများ၊ ရေသန့်ဘူးနှင့် ဆေးဝါးများ စသည်တို့ကို အောင်လံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်များပူးပေါင်း၍ စုစုပေါင်းငွေကျပ် (၁,၄၇၄,၂၀၀/-) (တစ်ဆယ့်လေးသိန်းခုနှစ်သောင်းလေးထောင်နှစ်ရာတိတိ) လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)