ကျိုက်လတ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်လတ် ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇူလိုင် (၁၄) ရက်၊ နေ့လယ်ပိုင်းက တဲ့တဲ့ကူးကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ကျိုက်လတ်မြို့နယ်  ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက တဲ့တဲ့ကူးကျေးရွာအုပ်စုတွင် နေထိုင်သည့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် နည်းလမ်းများကိုလည်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လူမှုဘဝပြည့်စုံစေရန် ကိုင်ဆောင်သင့် ကိုင်ဆောင်ထိုက်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များအား ရပ်ကွက်/ကျေးရွာများ၊ အခြေခံပညာကျောင်းများအထိ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)