ချောက်မြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၈ ကျောင်း ယာယီပိတ်ထား

ချောက် ဇူလိုင်  ၁၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်းများ၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဇူလိုင်လ ၁၁ ရက်မှစ၍ လက်ရှိအချိန်အထိ ကျောင်း(၈)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။

ချောက်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများမှာ အ.မ.က(ကျွန်းသစ်-ရှေ့)၊ အ.ထ.က(ခွဲ)ပဒေသာ၊ မူလွန်(ရေလယ်တောင်)၊ အ.လ.က(ခွဲ)လက်ပန်ကျွန်းရွာမ၊ အ.မ.က(ခွဲ)ဇီးခုံ၊ အ.မ.က(သာစည်ကျွန်း)၊ အ.မ.က(အောက်လယ်)၊ မြို့​ပေါ် အ.မ.က(ကွက်သစ်-အနောက်)ကျောင်း စုစုပေါင်း (၈)ကျောင်းဖြစ်ပြီး မြို့ပေါ်ကျောင်း (၁)ကျောင်းနှင့် ကျေးရွာကျောင်း (၇) ကျောင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရေဘေးအန္တရာယ်ကင်းဝေးစေရန် မြစ်ရေကျဆင်းသည်အထိ ကျောင်းများ ယာယီပိတ်ထားမှာဖြစ်ပြီး ရေပြန်ကျ၍ ကျောင်းများပြန်ဖွင့်နိုင်ချိန်တွင် သင်ခန်းစာများနောက်ကျမှုမရှိစေရေး စာသင်ရက်များအစားထိုးပြီး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ပြောကြားချက်အရ သိရသည်။

ကျော်မိုး(ပြန်/ဆက်)