ဖြူး ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/စာရင်းကောက်များ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စည်ပင်သာယာရေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် တောင်ငူခရိုင် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်သန်းဝင်း၊ ဖြူးမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစောမင်းသူ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်၊ မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်တို့က သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးမြင့်သိန်းက ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ သန်းခေါင်စာရင်းဆိုင်ရာ ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ကောက်ယူမည့်နည်းစနစ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများက သန်းခေါင်စာရင်းဆိုင်ရာများနှင့်ပတ်သက်၍ မေးမြန်းရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ပြန်လည်ဖြေကြားခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နေမျိုးလွင် (ပြန်/ဆက်)