အေးမြသာယာအထည်ချုပ်စက်ရုံမှ ပိုးတွေ့လူနာများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရေးပေါ်ထိန်းချုပ်နိုင်ရေးဆောင်ရွက်

အုတ်ဖို နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စုရှိ JMKS အထည်ချုပ်စက်ရုံမှ ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာများ ဆက်တိုက်တွေ့ရှိနေသဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရေးပေါ်ထိန်းချုပ်နိုင်ရေး အတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အရေးပေါ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ ညနေ ၄နာရီ ၂၀ခန့်က အေးမြသာယာ တိုက်နယ် ဆေးရုံတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင် နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးထွန်းလွင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇော်မောင်၊ အေးမြသာယာတိုက်နယ်ဆေးရုံမှ ဒေါက်တာ သီရိရွှေစင်လှိုင်၊ JMKS အထည်ချုပ်စက်ရုံပိုင်ရှင် ဦးစိန်တိုးတို့တွေ့ဆုံပြီး အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြရာ မြိုနယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်မှ ပိုးတွေ့ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ဦးကျော်ဇင်ဦးမှ ပညာရေးဌာနနှင့် ပူးပေါင်း၍ Quarantine Center များထားရှိမှု အခြေအနေများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ အလားတူ ဦးစိန်တိုးမှလည်း မိမိတို့စက်ရုံတွင်ဝန်ထမ်းအင်အား (၁၃၀၀) ဦးခန့်ရှိကြောင်း၊ ယခုလက်ရှိအနေ အထားအရ ဝန်ထမ်း(၁၀၀)ကျော်သာ အလုပ်ဆင်းနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်း အများစုမှာ ၄င်းတို့ မိသားစုများမှ စိုးရိမ်မှုကြောင့် အလုပ်မဆင်းခြင်း၊ သက်ဆိုင်ရာ ကျေးရွာများမှ အလုပ်ဆင်းခွင့် မပြုခြင်း စသည့်အခတ်အခဲများကြောင့် အလုပ်ဆင်းမည့်သူနည်းနိုင်ကြောင်း ဝန်ထမ်းများအား မိမိတို့အနေနဲ့ အလုပ်မဆင်းနိုင်ပါက လစာမဲ့ခွင့်တိုင်ကြားရန်ဆော်သြထားပြီး ဖြစ်ကြောင်း တင်ပြခဲ့ သည်။

ဆက်လက်၍ ဒေါက်တာရန်နိုင်မောင်နှင့် အဖွဲ့တို့သည် အထည်ချုပ်စက်ရုံသို့ သွားရောက်ပြီး အလုပ်ဆင်းမည့် ဝန်ထမ်းများနှင့်ပတ်သက်၍ အပူချိန်မတိုင်းမီ လက်ဆေးခိုင်းရန်၊ စက်ရုံထဲသို့ မဝင်မီ မိမိအိမ်၌ နေ့စဉ်ကျန်းမာရေး ကောင်းမကောင်းမေမြန်းရန်၊ Mask နှင့် Face Shield များအား ထမင်းစားချိန်မှအပ တပ်ထားစေရန် ညွှန်ကြားခဲ့ပြီး ဦးစိန်တိုးမှ မိမိတို့အနေနှင့် လက်ဆေးဘေစင် (၆၇)ခုထားရှိကြောင်း လူနည်း၍ နေရာချဲထားနိုင်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

အဆိုပါ စက်ရုံမှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ ပိုးတွေ့ရှိသူဝန်ထမ်း (၁၀)ဦးထိရှိပြီး ၄င်းတို့နှင့် ထိစပ်၍ မိသားစုထဲမှ(၁)ဦး ပိုးတွေ့ရှိထားကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။

အောင်သူ(အုတ်ဖို)