ထားဝယ်မြို့တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ထားဝယ် ဇူလိုင် ၁၅

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ နောင်တစ်ချိန် နိုင်ငံအကြီးအကဲဖြစ်လာမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလို ဇွဲ၊ လုံ့လ၊ ဝီရိယရှိသူ၊ သတ္တိရှိသူများ ဖြစ်လာအောင် ကြိုးစားကြရမှာဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကြောင်းကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။

ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ အလယ်တန်းအဆင့်ကျောင်းသား/သူများက အာဇာနည်နေ့တို့မမေ့ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာမများနှင့် ကျောင်းသား/သူများ က စိတ်ပါဝင်စားစွာ နားထောင်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ အကဲဖြတ်ဒိုင်များက ကျောင်းသား/သူများ၏ ယှဉ်ပြိုင်မှုရလဒ်များကို စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် တာဝန်ရှိသူများက (ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ်ဆု) ရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ကာ ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ပုံပြင်စာအုပ်နှင့် အရုပ်ပြစာအုပ်အားဖတ်ရှုပြီး စာဖတ်စွမ်းရည်အား ဖော်ထုတ်ခဲ့ကြကြောင်း သတင်းရသည်။

ကျော်ကျော်လတ်