မုံရွာ၊ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ တိုင်းမြေအသုံးချရေးတာဝန်ခံနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ်အလုံရှိ နွေစပါးရိုးပြတ်စိုက်ခင်းများသို့ ရောက်ရှိပြီးကောက်ရိုး၊ ရိုးပြတ်များမီးရှို့ဖယ်ရှားခြင်းကြောင့် ထွက်ရှိလာမည့် မီးခိုးမြူငွေ့လျော့ချရေးကို ဆောင်ရွက်နိုင်ရန်၊ ပတ်ဝန်းကျင် လေထု၊ရေထု ညစ်ညမ်းမှုဆိုးကျိုးများကို သက်သာစေရန်၊ မြေဆီလွှာအတွင်း တဖြည်းဖြည်းယုတ်လျော့နေသော သဘာဝမြေဆွေးဓာတ်ကို ပြန်လည်တိုးပွားလာစေပြီး စဉ်ဆက်မပျက် စိုက်ပျိုးထုတ်လုပ်နိုင်စေရေး တည်ဆောက်နိုင်စေရန်တို့အတွက် ရည်ရွယ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် ရိုးပြတ်များအား ယူရီးယားနှင့် အီးအမ် အသုံးပြု၍ မြန်မြန်ဆွေးမြေ့စေရန် ထယ်ထိုးမြေမြှုပ်ခြင်းအသိပညာပေးလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ မြေအသုံးချရေးဌာနခွဲမှ တိုင်းမြေအသုံးချရေး တာဝန်ခံဒေါ်ခင်ထွေးဝင်းက တက်ရောက်လာသော တောင်သူများအနေဖြင့် မိမိတို့၏ နွေစပါး၊ မိုးစပါး စိုက်ခင်းများအား ရိတ်သိမ်းပြီးပါက ကောက်ရိုး၊ ရိုးပြတ်များအား မီးရှို့ခြင်းကြောင့်ထွက်ရှိလာမည့် မီးခိုးမြူငွေ့များလျော့ချနိုင်ရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ လျော့နည်းသက်သာစေရန် မြေဆီလွှာအတွင်း သဘာဝမြေဆွေးဓာတ်များ ပြန်လည်တိုးပွားလာပြီး စဉ်ဆက်မပျက် စိုက်ပျိုးနိုင်ရေးတို့အတွက် ယူရီးယားနှင့်အီးအမ်တို့အား ကောက်ရိုး၊ ရိုးပြတ်များပေါ်သို့ ပက်ဖျန်းပက်ကျဲပေးကာ ထယ်ထိုးမြေမြှုပ်ပေးခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများအား အသိပညာပေးခဲ့ပြီး စိုက်ပျိုးရေးနည်းပညာများနှင့် သက်ဆိုင်သည့် ထပ်မံသိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကာတောင်သူများနှင့်အတူ အဆိုပါ မုံရွာမြို့နယ်အလုံရှိ နွေစပါးရိုးပြတ်စိုက်ခင်းအတွင်း လက်တွေ့ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)