ပေါင်းတည်၌ လူငယ်ရေးရာနှင့်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း

ပေါင်းတည် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (ဘုရားငါးဆူ) တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ချောစုလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက လူငယ်နှင့်စာပေအသိပညာအကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ရှင်သန်ရေးအသိပညာပေးဟော‌ပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သော အစားအစာများအကြောင်း ဟောပြောကာ ပြည်သူ့စာကြည့်တိုက်မှူး (ဒုတိယဦးစီးမှူး) ဒေါ်ဝင်းမြသန်းက မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား လုံ့လဝီရိယ ကြိုးစားအားထုတ်မှုနှင့် အကျင့်စာရိတ္တဆိုင်ရာ ပုံပြင်များပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာစေခြင်းနှင့် မူးယစ်ဆေးဝါတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံကပ်စာစောင်များပြသပြီး ဝန်ထမ်းများမှရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)