ပန်းတောင်း ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝန်လိုရပ်ကွက်၊ ပေါ်တော်မူရှင်ဖြူမြတ်စွာ ဘုရားကြီးရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက်၍ ရေဘေးသင့်ပြည်သူများ၏ နေထိုင်စားသောက်မှုအခြေအနေများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်(၁၅)အိတ်၊ ဆီပိဿာ (၆၀)၊ ကြက်ဥ (၉၀၀)လုံး၊ ခေါက်ဆွဲခြောက် (၁၀) ဖာ၊ ပူတင်းပေါင်မုန့် (၁၅၀) ထုပ်၊ ရေဘေးသင့်ပြည်သူများအား ချက်ပြုတ်ကျွေးမွေးရန် ပေါ်တော်မူဘုရားဂေါပကအဖွဲ့သို့ ထောက်ပံ့ငွေ (၅၀၀၀၀၀ိ/-)ကျပ်နှင့် ခရိုင်/ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ရက်သတ္တပတ်(၂)ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၆၄၉၄၀၀ိ/-)ကျပ်တို့အား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုနောက် ပန်းတောင်းမြို့နယ် မကြီးထုံးကျေးရွာအုပ်စု၊ ကြို့ကုန်းတံတားတွင် ဧရာဝတီမြစ်ရေဝင်ရောက်နေမှုအားလည်းကောင်း၊ ဖောင်းကန်ရပ်ကွက်နှင့် မြို့နယ်ထွေ/အုပ်ရုံး၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်နေမှု အခြေအနေအားလည်းကောင်း၊ နတ်မောက်ကျေးရွာအုပ်စုရှိ တောင်သူ ဦးသန်းစိုး ပိုင်ဆိုင်သော (၁၀)ဧကနှမ်းစိုက်ခင်းအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ထုံးဘိုကျေးရွာအုပ်စု၊ ကြခတ်ရပ်ကွက်၊ ဖောင်းကန်ရပ်ကွက်၊ ဆင်တဲကျေးရွာအုပ်စု၊ သရက်လိန်ကျေးရွာအုပ်စုနှင့် ရေလည်ကျွန်းကျေးရွာအုပ်စုတို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရေဘေးသင့်အိမ်ထောင်စု (၃၂၉)စုမှ ကျား (၅၂၁) ဦး၊ မ (၅၈၆) ဦး၊ စုစုပေါင်းလူဦးရေ(၁၁၀၇)ဦးအား သောက်သုံးရေ၊ စားဝတ်နေရေးအဆင်ပြေရန်အတွက် ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၏ ကြီးကြပ်မှုဖြင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)