ထားဝယ် ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဥပဒေစာကြည့်တိုက်အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ကျင်းပသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး ဥပဒေစာကြည့်တိုက် အဆောက်အအုံအသစ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များက ဥပဒေစာကြည့်တိုက် အဆောက်အအုံသစ်ကို လှည့်လည်ကြည့်ရှုလေ့လာသည်။
ဥပဒေစာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ တက်ရောက်သည်။
စာကြည့်တိုက်တွင် စာအုပ်၊စာစောင်ပေါင်း ၁၅၀၀ ကျော်ခန့်ထားရှိ ပြီးစာအုပ်၊ စာစောင်များကို ဘာသာရပ်အလိုက် ထားရှိပါသည်။ စာအုပ်၊စာစောင်များအပြင် ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ပညာရှင်များနှင့် စာရေးဆရာများက ရှုထောင့်အမျိုးမျိုးဖြင့် ရေးသားသော သုတ၊ ရသ စာအုပ်စာတမ်းများ၊ ဥပဒေရေးရာဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ဝေသော ဥပဒေ သုတေသန စာတမ်းစာအုပ်များ၊ ညွှန်ကြားချက်များ၊ ဥပဒေပညာဂျာနယ်၊ ဥပဒေရုံး ရည်ညွှန်းစာစောင်များနှင့် နိုင်ငံတော်ပြန်တမ်းများကို နှစ်အလိုက် စုံလင်စွာထားရှိကြောင်း သတင်းရသည်။
ကျော်ကျော်လတ်