ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ဘားအံ ဇူလိုင် ၁၅

ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါပွဲတော်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အဆိုပါအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက်စာကြည့်တိုက် Video Clip ကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားလူငယ်များသည် နိုင်ငံ၏မျိုးဆက်သစ်များ၊ အရေးပါသည့် အဖိုးတန်လူသား အရင်းအမြစ်များ၊ အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြရမည့်သူများဖြစ်သည့်အတွက် အသိပညာ ဗဟုသုတ ဉာဏ်ပညာကြွယ်ဝသူများဖြစ်ရန်လိုအပ်ကာ အကောင်းဆုံးနှင့်အရိုးရှင်းဆုံးနည်းလမ်းမှာ စာပေဖတ်ရှုလေ့လာခြင်းပင်ဖြစ်ကြောင်း၊ စာအုပ်စာပေများ ရရှိနိုင်သည့် စာကြည့်တိုက်များသို့ သွားရောက်စာဖတ်ကြသည့်ဓလေ့၊ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများကို မွေးမြူနိုင်မှသာ အသက်အရွယ်ကြီးရင့်လာချိန်တွင် စာဖတ်သည့် အလေ့အထများ စွဲမြဲလာမည်ဖြစ်ပြီး သို့မှသာ စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကား၍ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဘားအံပညာရေးဒီဂရီကောလိပ်နှင့် ဘားအံတက္ကသိုလ်တို့မှ ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ်ဆောက်လုပ်ရန်အတွက် ကျေးရွာစာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ် (၁၅၀) သိန်းနှုန်းဖြင့် ကျေးရွာစာကြည့်တိုက်(၅)တိုက်ကို  လှူဒါန်းပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များကို လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ခင်းကျင်းပြသထားသော ရွှေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၊ ကရင်တိုင်းရင်းသားစာပေဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြုပြခန်းများ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြပွဲများ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Kahoot Quiz)၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ စာအုပ်ဈေးရောင်းပွဲများ၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ လူငယ်စာဖတ်ဝိုင်းနှင့် စာပေဟောပြောပွဲများတွင် ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စွာ စာအုပ် စာပေလေ့လာဖတ်ရှုနေမှု၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သုတ၊ ရသ စာအုပ်ပေါင်း ၃၀၀၀ ခန့်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်တွင် ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာနေမှုတို့ကို ကြည့်ရှုအားပေးကာ ကျောင်းစာကြည့်တိုက်အတွက် ငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ယှဉ်နွဲနေကြသော ကျောင်းသား၊ကျောင်းသူများအား နေ့လည်စာများဝေငှပေးခဲ့ပြီး အဆိုပါပွဲတော်ကို ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာကျောင်းများတွင် တစ်လ တစ်ကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)