ငဖဲ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များကို သိရှိစေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုသိရှိစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-7 ကျောင်းသား /သူ (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများ၊ စာထောက်-၃ ဦးစိုးမိုးသူက မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ သိကောင်းစရာများ၊ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို ကျောင်းသား/သူများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်နေ့ဂုဏ်ပြုကဗျာများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းဓါတ်ပုံများကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)