အထက်မင်းလှ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးဦးဆောင်၍ Grade-A အဆင့်မီ ဝါဂွမ်းရရှိရေး စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝယ်ယူကြိတ်ခွဲမှု နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက Grade-A အဆင့်မီ ဝါဂွမ်းရရှိရေး စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝယ်ယူကြိတ်ခွဲရေးနည်းပညာပေးခြင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဝါလုပ်ငန်းရှင်များက ဝါဝယ်ယူကြိုတ်ခွဲမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ဝါစိုက်တောင်သူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုခဲ့ရာ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ချည်မျှင်ရှည်ဝါတိုးချဲ့စိုက်ပျိုးမည့် ကျေးရွာအုပ်စု (၃၂)စုမှ တောင်သူ (၁၆၅၉)ဦး၊ စိုက်ဧက (၄၈၇၀)ဧကအတွက် ဝါမျိုးစေ့ (၁၄၆၆)ပိဿာကို သရက်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့အုပ်ချုပ်ရေးမှူးဦးကျော်ဇံလှ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာများက တောင်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)