အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ “စွန့်ပစ်အမှိုက်ညစ်ညမ်းမှုပြဿနာများနှင့် တစ်ခါသုံးပလတ်စတစ်အန္တရာယ်” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကသာ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “စွန့်ပစ်အမှိုက်ညစ်ညမ်းမှုပြဿနာများနှင့် တစ်ခါသုံးပလတ်စတစ်အန္တရာယ်” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ဇူလိုင် ၁၂ နေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက “စွန့်ပစ်ပစ္စည်းအမျိုးအစား (၅) မျိုး” အကြောင်း၊ “မြို့တော်ဧရိယာမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ”၊ စက်မှုလုပ်ငန်းမှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများ”၊“စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများ”၊ “ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ”၊ “စွန့်ပစ်အမှိုက်များ၊ တစ်ခါသုံးပလတ်စတစ်များ ဆွေးမြေ့ရန်ကြာမြင့်နိုင်သည့် သက်တမ်းများ”၊ စွန့်ပစ်အမှိုက်ညစ်ညမ်းမှုများသည် မြေ၊ လေ၊ ရေ၊ မြေဆီလွှာများကို အဆိပ်သင့်စေကြေင်း” စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး“အမှိုက်တွေကိုဘယ်လိုစွန့်ပစ်သင့်သလဲ” အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ရဲလင်းထွန်း (ကသာ)