ရေဦး၊ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဇူလိုင် ၁၂ နေ့နံနက် ၉နာရီ ၃၀ မိနစ်က အောင်ဆန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ စကားပုံဆက်ပြိုင်ပွဲ၊ နံရံကပ်စာ စောင်ပြပွဲ၊ စာအုပ်ပြပွဲတို့ကို ကျင်းပပြလုပ်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေ၀င်းက ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရန် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေများလည်း ဖတ်ရှုရန်လိုပါကြောင်း၊ စာများများဖတ်ကြရန်နှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာ များကိုရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မေသက်လွင်စိမ်းက ကလေးများအတွက် အားကစားပြုလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
ထို့နောက် ကလေးများ ဉာဏ်ရည်ထက်မြက်စေရန် စကားပုံဆက်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပပေးရာ စတုတ္ထတန်းကျောင်းသားလေးများကပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးစာပေဆိုင်ရာ သုတရသစာအုပ်များ၊ အာဇာနည်နေ့အကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ပြသထားရာ ကျောင်းသားကျောင်းသူလေးများက စိတ်၀င်တစား စာဖတ်ခြင်း၊ ပိုစတာများကြည့်ရှုခြင်းနှင့် အားကစာပြုလုပ်ကြသူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
သန်းသန်း (ရေဦး)