ပြည်မြို့၌ အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်လှစ်

ပြည် ဇူလိုင် ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော ပြည်မြို့နယ်၊ တွင်းဗြည်းကျေးရွာအုပ်စု၊ ကြို့ရသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။

အခမ်းအနား၌ ရှေးဦးစွာ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကိုကိုဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ပြည်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ သင်တန်းသူတစ်ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀း၄၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသူ(၁၅)ဦးတို့ တက်ရောက်ကြပါသည်။ အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းသို့ သင်တန်းသူ (၁၅) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ (၁၅) ရက်နေ့မှ သြဂုတ်လ (၁၃) ရက်နေ့အထိ တစ်လကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး မွမ်းမံစက်ချုပ်သင်တန်းကိုလည်း (၁၅) ရက်ကြာ ထပ်မံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့်သူ (၅) ဦးအားဌာနမှ တစ်ဦးလျှင် ငွေကျပ် (၁၄) သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ပါကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ကိုစိုး