ငပုဝောာ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ပြခြင်းကို ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း ဝက်ဆူကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နုနုရီက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တို့သည် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို လက်ဆင့်ကမ်းရမည်ဖြစ်ရာ ငယ်ရွယ်စဉ်ကာလမှစ၍ အသိပညာဗဟုသုတများ သိုမှီးရမည် ဖြစ်ကြောင်းနှင့်”ကာယ၊ ဉာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တ”ဟူသည့်ဗလ(၅)တန် ဖွံ့ဖြိုးရန်အတွက် အကျိုးရှိမည့်စာအုပ်၊ စာပေများ ရွေးချယ်ဖတ်ရှုရမည်ဖြစ်ကြောင်း စသည်ဖြင့် စာဖတ်ခြင်း အလေ့အထကောင်းများ ဖြစ်စေရန် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ခကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးစိုးမြတ်မင်းက လူငယ်များအနေနှင့် အသက်အရွယ်အလိုက်ကစားသင့်သည့် အားကစားများ၊ နည်းမှန် စနစ်မှန် ကစားရန်လိုအပ်သည့် အချက်များ၊ ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ကျင်းပပြုလုပ် ပေးသွားမည့် အားကစားပြိုင်ပွဲအမျိုးအစားများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများနှင့် သဘာဝဘေးအန္တာရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)