ပွင့်ဖြူ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း (၇)ကျောင်း ရေဝင်ရောက်မှုရှိ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် အခြေခံပညာကျောင်းများကို ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်း (၇)ကျောင်းမှာ ရှားတောကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ခုံစုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၊ ဆင်စုကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ညေင်လှကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ရိုးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ရွာသာကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် သဖန်းတန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ဖြစ်ပြီး ယင်းစာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်းများအနေဖြင့် ဇူလိုင်(၁၀)ရက်နေ့မှ ယနေ့အထိ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း (၂၆)ကျောင်းရှိပြီဖြစ်ကာ အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန် သင်ခန်းစာနောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များကို အစားထိုး၍ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)