မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မြောင်းမြ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြတ်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ဇူလိုင် ၁၂ နေ့ နံနက် ၁၀ နာရီအချိန်က ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်းဆောင်ရွက်ပေးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်၍ "လူငယ်နှင့်စာပေ" ခေါင်းစဉ်အား ဦးဆောင်ဆေးနွေးသူအဖြစ် PPTT (၁၁/၂၀၂၄) တန်းခွဲ (C)မှ မောင်သက်မောင်မောင်၊ ဖြည့်စွက်ဆွေးနွေးသူအဖြစ် တန်းခွဲ (E)မှ မဖူးပြည့်စုံကျော်၊ "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်အား ဦးဆောင်ဆွေးနွေးသူအဖြစ် တန်းခွဲ (A) မှ မောင်ပြည့်စုံအောင်၊ ဖြည့်စွက်ဆွေးနွေးသူအဖြစ် တန်းခွဲ (B)မှ မဝင့်ဝါစိုးတို့က ဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူဆရာ၊ ဆရာမများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ မြောင်းမြမြို့နယ် စာရေးဆရာအသင်းမှ ဆရာလရောင်လင်း (မြန်မာ့ဂုဏ်ရည်) က ဖြည့်စွတ်ဖြေကြားပေးခဲ့သည်။ ထို့နောက် ပြသထားသော နံရံကပ်စာစောင်များအား သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)