အထက်မင်းလှ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဘိန်းအစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မလွန်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး သင်တန်းတွင် ပို့ချပေးမည့်ဘာသာရပ်များအား လေ့လာမှတ်သားပြီး လက်တွေ့အသုံးချ၍ မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချပေးမည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ တပ်မတော်အကြီးစားစက်ရုံ (မလွန်) မှ ဒုစက်ရုံမှူး ဗိုလ်မှူးဟန်ဝင်းအောင်တို့က သင်တန်းတွင် အသုံးပြုမည့်ပစ္စည်းများအား ပေးအပ်ခဲ့ရာ သင်တန်းသားများက လက်ခံရယူခဲ့သည်။
အဆိုပါအခြေခံလျှပ်စစ်သံဂဟေဆက်တန်းသို့ မလွန်ကျေးရွာမှ သင်တန်းသား (၁၀) ဦး တက်ရောက်သင်ကြားမှာဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၁၅) ရက်နေ့မှ ဩဂုတ်လ (၁၃) ရက်နေ့ထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)