ကံမမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၂၀) ကျောင်းကို ယာယီပိတ်ထားရ

ကံမ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ အခြေခံပညာကျောင်းများ၌ မြစ်ရေဝင်ရောက်သဖြင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်မှစတင်၍ အခြေခံပညာကျောင်း (၂၀) ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

ကံမမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၂၉) ကျောင်း ရှိသည့်အနက်  ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း (၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၄) ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းတန်းကျောင်း (၁၅) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၂၀) ကျောင်းကို ယာယီပိတ်ထားရပြီး အဆိုပါကျောင်းများတွင် တက်ရောက် စာသင်ကြားနေသည့် ဆရာ၊ ဆရာမ (၁၄၀) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၇၁) ဦး ရှိကြောင်း သိရသည်။

အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မြစ်ရေများ ပြန်လည်ကျဆင်းချိန်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ကာ သင်ခန်းစာများ နောက်မကျစေရေးအတွက် စာသင်ချိန်များ အစားထိုးပြန်လည် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)