ဆင်ပေါင်ဝဲမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မြင့်တက်မှုကြောင့် စာသင်ကျောင်း (၁၀) ကျောင်း ယာယီပိတ်ထား

ဆင်ပေါင်ဝဲ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက် မြင့်တက်မှုကြောင့် အခြေခံပညာကျောင်း (၁၀) ကျောင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းမှစပြီး ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မြင့်တက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများဖြစ်သည့် လက်ပန်ငူကျေးရွာ၊ ကျွန်းအနောက်၊ ညံတောအင်းကျေးရွာ၊ မွှန်းညောင်ပင်သာကျေးရွာ၊ ကျွန်းအလယ်၊ ဆိုင်းစုကျေးရွာ၊ ရွာလင်းကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ရွာပြေသာကျေးရွာနှင့် ကြာအင်းကျေးရွာတို့ဖြစ်ပြီး ယင်းစာသင်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေစေရန်အတွက် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ စာသင်ချိန်သင်ခန်းစာများ နောက်မကျစေရန် ကျောင်းပြန်ဖွင့်ချိန်များတွင် အစားတိုး၍ စနစ်တကျ ပြန်လည်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)