မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်အမှတ်အထက် ဆက်လက်မြင့်တက်လျက်ရှိသောကြောင့် အိမ်ထောင်စုဝင် (၁၀၀၀) ကျော် ရွှေ့ပြောင်းထား

မင်းဘူး ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် မင်းဘူးမြို့၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်၏ စိုးရိမ်ရေအမှတ်မှာ (၁၇၀၀) စင်တီမီတာဖြစ်ရာ (၁၇၇၅) စင်တီမီတာ စိုးရိမ်ရေအမှတ်အထက် (၂) ပေကျော် ရောက်ရှိနေသောကြောင့် ရေဘေးရှောင်စခန်းများသို့ အိမ်ထောင်စုဝင် (၁၀၃၂) စုအား ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

ထိုသို့ ရွှေ့ပြောင်းပေးရာတွင် မြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်စခန်း တပင်ရွာဘုန်းတော်ကြီးကျောင်း၊ မယ်ဘေ့ကုန်းဘုန်းတော်ကြီးကျောင်း၊ အောက်ကျောင်းဓမ္မာရုံ၊ ပေတောဘုန်းတော်ကြီးကျောင်း၊ ကျောက်ကုန်း၊ မန်းရေနံသံကန် (၇) ရေဘေးရှောင်စခန်းများသို့ ရွှေ့ပြောင်းပေးထားပြီး မင်းဘူးခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မင်းဘူးခရိုင်၊ မီးသတ်တပ်ဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးရှောင်စခန်းများသို့ လှည့်လည်ကာ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)