ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ (Grade-9) အောင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများ အသိပညာပေး ဟောပြော

ဒေးဒရဲ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များ တွဲဖက်သင်ကြားသည့်ကျောင်းသို့ (Grade-9) အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ(၁၂)ရက်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မင်းငြိမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖျာပုံခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဆောင်းနှင်းဖြူဖြူက စက်မှု၊  စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးနေမှု၊ မွေးမြူရေးဘာသာရပ်သင် ကျောင်းသား၊ ကျောင်းသူများ ရရှိနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများအား  စက်မှု၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ သင်ယူခွင့်ရရှိနိုင်ရေးအတွက် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်မှစတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ခရိုင် (၅၀)၊ မြို့နယ် (၅၁)မြို့နယ်တို့တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)