အထက်မင်းလှ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ပင်သာကျေးရွာနှင့် မလွန်ကျေးရွာတို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ တိုင်းကျန်းမာရေးဦးစီးမှူးက မြစ်ရေကြီးမှု ဖြစ်ပွားနေခြင်းကြောင့် မသန့်ရှင်းသော ရေများသောက်သုံးခြင်းမပြုရန်၊ ရေကိုကြိုချက်၍ သောက်သောက်သုံးရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခာများဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အချိန်မီ ကုသခြင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် အိမ်ထောင်စုများအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများအလိုက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ အိမ်ထောင်စုများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)