ပုသိမ် ဇူလိုင် ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့နယ် မွေတော်ရှမ်းစုကျေးရွာရှိ တောင်သူဦးတင်ဖေ၏ လယ်မြေဧက(၁၀၀)စံပြကွက်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကောက်စိုက်သမဖြင့် ကြိုးတန်း လက်စိုက် စိုက်ပျိုးခြင်း၊ တောင်သူဦးတင်ထွေး၏ လယ်မြေတွင် တတိယသီးနှံ စပါးရိတ်သိမ်းမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ၊ တောင်သူ ဦးကျော်ရွှေ၏ လယ်မြေတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား တွေ့ဆုံကာ မိုးစပါးအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် အထွက်တိုး မျိုးကောင်း/မျိုးသန့်များအား နည်းစနစ်ကျကျ စိုက်ပျိုးကြရန် လမ်းညွှန်မှာကြားပြီး ကောက်စိုက်စက်၊ လက်စွဲကောက်စိုက်စက်၊ စပါးမျိုးစေ့ချကိရိယာနှင့် ကြိုးတန်း လက်စိုက် စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ အူကျွန်းကျေးရွာနှင့် အနီးပါတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် အိမ်မဲမြို့နယ်၊ ကွင်းယားတံခွန်တိုင်ကျေးရွာအုပ်စုတွင် (၂၀၂၄) ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က "ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးမြေများအား မြေဆီမြေသြဇာများ တိုးတက်ကောင်းမွန်စေရေး၊ အထွက်နှုန်းများ တိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေတော်မိုးတော်စိုက်ဧကများတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးသည်မှာ သုံးနှစ်တိုင်ရှိပြီဖြစ်ကြောင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းကြောင့် မြေဆီလွှာများ သိသိသာသာ ကောင်းမွန်လာသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရမှ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ သုံးစွဲမှုများကို လျော့ချ၍ သဘာဝမြေသြဇာများကို ထည့်သွင်းစိုက်ပျိုးရမည်ဖြစ်ပြီး သဘာဝမြေဩဇာ သုံးစွဲခြင်းသည် ကုန်ကျစရိတ်များကိုလည်း များစွာ သက်သာစေမည်ဖြစ်ပါကြောင်း" အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက " တိုင်းဒေသကြီးတွင် ကြဲခင်းစနစ်များ ပပျောက်ရေးအတွက် ကောက်စိုက်စက်၊ လက်စွဲကောက်စိုက်စက်၊ စပါးမျို့စေ့ချကိရိယာများဖြင့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးသီးနှံများအထွက်နှုန်း တိုးတက်စေရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ လိုက်ပါဆောင်ရွက်ပေးကြသည့် တောင်သူကြီးများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးရာသီတွင် တစ်ဧက ၁၀ တင်းနှုန်းတိုးတက်ထွက်ရှိအောင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ပျိုးရာသီပြီးစီးပါက ဆီထွက်သီးနှံစိုက်ပျိုးရေးဇုန် ၂ ခု အကောင်အထည်ဖော်စိုက်ပျိုးသွားမည်ဖြစ်ပြီး မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲများကိုလည်း ပန်းတိုင်အထွက်နှုန်းရောက်အောင် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး အားလုံး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း" ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်သော တောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူဦးညွှန့်သိန်း၏ လယ်မြေ(၈)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်နေမှု၊ ကောက်စိုက်စက်၊ လက်စွဲကောက်စိုက်စက်၊ စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနေမှုနှင့် ကြိုးတန်း လက်စိုက်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)