ကရသူရိ ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာ ဗဟု သုတရရှိရေး (၇၇) နှစ်မြောက်၊ အာဇာနည်နေ့ ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက ဇူလိုင်လ (၁၉) ရက်နေ့သည် (၇၇) နှစ်မြောက်၊ အာဇာနည်နေ့ဖြစ်ပါကြောင်း၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများ၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိတို့ကို ဟောပြောသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ကျင်းပခြင်းနှင့် ဂုဏ်ပြုအလေးပြုခြင်းတို့ကို ပညာပေးဟောပြောသည်။ ထို့နောက် အာဇာနည်နေ့ အထိမ်းအမှတ် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်(၉)ဦး၏ မှတ်တမ်းများ၊ ဗိုလ်ချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းသည် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်၊ အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကျောင်းသား/ သူများ အသိပညာ ဗဟုသုတ ရရှိရေး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)