ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ဆင်ပေါင်ဝဲ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ရှိမြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးနိုင်လင်းက အသိပညာပေးဟောပြောပွဲ ကွင်းဆင်း​ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ကျောင်းသားလူငယ်များ အတုယူစရာကောင်းသည့် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်ပေါ်ထားရှိသည့် စိတ်ဓာတ်နှင့် လွတ်လပ်ရေးရရှိရေးအတွက် ကြိုးပမ်း​ဆောင်ရွက်ပုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဥာဏ်ရည်ဖွံ့ဖြိုးရေးအတွက် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ကြပြီး ဝင်ရောက်ယှဥ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြသထားသည့် အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)