နတ်မောက် ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများ နှစ်စဉ်ကျင်းပလျက်ရှိသည့် နေ့ထူးနေ့မြတ်များအား အစဉ်အောက်မေ့သတိရစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံဖြိုးစေရန်၊ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ စာပေကို ပိုမိုလေ့လာကျက်မှတ်စေရန်၊ ပန်း(၁၀)မျိုးမှ ပန်းချီပညာကို လေ့လာနိုင်စေရန်၊ မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား/သူက “၁၉ ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များမှ ဆုရရှိသူများအား နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇူလိုင်လ (၁၈)ရက်နေ့တွင် ကျင်းပမည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိမ့်သိမ့်မိုး