ဝေါ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူးများအား စာအုပ်စာစောင်များ ပိုမိုဖတ်ရှုကာ စာဖတ်ရှိန်မြှင့်မားလာစေရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံစာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အုတ်ဖိုတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က အဖွင့်မှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုလဲ ဖတ်ရှုသင့်ကြောင်းနှင့် စာအုပ်စာစောင်များ ဖတ်ရှုမှသာလျင် ဗလငါးတန်းနှင့် ပြည့်စုံမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ဖတ်ရှုရာတွင် မှတ်သားသင့်သည့် သုတ၊ ရသစာအုပ်များအကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးပြသထားသည့် နံရံကပ်၊ ဓာတ်ပုံစာစောင်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)