ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာ၌ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး “အလင်းရောင်စာ ကြည့်တိုက်” ဖွင့်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊ စာစောင် လှူဒါန်းပွဲအခမ်းအနားပြုလုပ်

ဟင်္သာတ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် တိုးတက်မြှင့်မားရေးအတွက် နတ်မော်ကျေးရွာအုပ်စုရှိ “အလင်းရောင်စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နတ်မော်ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်မားရေးတို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် နတ်မော်ကျေးရွာ အလင်းရောင် စာကြည့်တိုက်ဥက္ကဋ္ဌက စာကြည့်တိုက်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စာအုပ်စာစောင်များ စုဆောင်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဟင်္သာတခရိုင်ပြန်ဆက်ဦးစီးဌာနမှလည်းကောင်း၊ နတ်မော်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့်အလှူရှင်များက သုတ၊ ရသစာအုပ်စာစောင်များနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြရာ စာကြည့်တိုက်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကလက်ခံရယူခဲ့ပြီး အလှူရှင်များကိုယ်စား စာကြည့်တိုက်ဒုတိယဥက္ကဋ္ဌ ဦးကျော်ရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)