မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အုန်းတွဲကျေးရွာ စာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မကွေး ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် အုန်းတွဲကျေးရွာတွင် နိုင်ငံတော်လှူဒါန်းထောက်ပံငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါစာကြည့်တိုက်မြေနေရာ၌ ကျင်းပခဲ့သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်သူဦးနှင့်  တာဝန်ရှိသူများက ပန္နက်တောင်တင်မင်္ဂလာ ပြုလုပ်ရန်အတွက် သတ်မှတ်နေရာအသီးသီးတွင် နေရာယူပြီး မင်္ဂလာအချိန်ကျရောက်သည့်နှင့်တစ်ပြိုင်နက် ရတနာပန္နက်တော် ကိုးချက်စိုက်ထူ၍ အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ ကျေးရွာဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် နိုင်ငံတော်မှ ယခုလို ကျေးရွာစာကြည့်တိုက်များဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများနှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြုသည့် အလေ့အထကောင်းများ ရှိလာစေရေး တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ သစ်တောပြုန်းတီးမှုကြောင့် မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်နေသည့်အတွက် တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင်လည်း မိုးရေကိုအဓိကထား အသုံးပြု၍  စိုက်ပျိုးခြင်းများအပြင် အခြားစိုက်ပျိုးရေရရှိမည့် နည်းလမ်းများကို ရှာဖွေအသုံးပြုကာ စိုက်ပျိုးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရမှ မကွေးတိုင်းဒေသကြီးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေအဖြစ် ငွေကျပ် (၁၀) ဘီလီယံကို ထုတ်ပေးထားပြီးဖြစ်သောကြောင့် ဒေသခံတောင်သူများကို အရင်းမပျောက် မတည်ရန်ပုံငွေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် လုပ်ငန်းအမျိုးအစားအလိုက် အတိုးသက်သာသောနှုန်းထားဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရေး အလေးထားကြိုးစားဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် သီးထပ်၊ သီညှပ်အပြင် တစ်နှစ်ကို အနည်းဆုံး နှစ်သီးမှ သုံးသီးအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပံပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက စာသင်ကျောင်းဆောင်သစ် ထပ်မံတည်ဆောက်ပေးရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် အခြားဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြတောင်းခံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ